အခန်းကြီး(၃၄)
၁ယာကုပ်၏မယား၊ လေအာဘွားမြင်သော သမီးဒိနသည်၊ ထိုပြည်၏ အမျိုးသမီးတို့ကို အကြည့်အရှု သွားရာတွင်၊ ၂ထိုပြည်ကို အစိုးရသော ဟိဝိအမျိုး၊ ဟာမော်မင်း၏သား ရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍ အိမ်ဘော်ပြုလျက်၊ သူ့အသရေကို ရှုတ်ချလေ၏။ ၃နောက်မှ သူ့ကိုချစ်သောစိတ်မကုန်၊ အမြဲချစ်၍၊ မေတ္တာစကားနှင့် ဖြားယောင်းလျက်နေ၏။ ၄ခမည်းတော် ဟာမော်ထံသို့လည်းဝင်၍၊ ဤမိန်းမကို အကျွန်ုပ်ကြင်ဘက်ဖြစ်စေခြင်းငှါ၊ တောင်း၍ ပေးတော်မူပါဟု လျှောက်ဆို၏။ ၅ယာကုပ်သည် မိမိသမီးဒိနကို၊ ရှေခင်မင်းသားရှုတ်ချကြောင်းကို ကြားသိ သော်လည်း၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့် အတူ ရှိသည်ဖြစ်၍၊ သူတို့ကို ငံ့လက်လျက် တိတ်ဆိတ်စွာနေလေ၏။ ၆ထိုနောက်၊ ရှေခင်အဘ ဟာမော်မင်းသည် ယာကုပ်နှင့်နှုတ်ဆက်ခြင်းငှါ လာ၍၊ ၇ယာကုပ်၏ သားတို့လည်း သိတင်းကြားသောအခါ၊ တောအရပ်မှ ပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့် အိပ်မိ၍၊ ဣသရေလအမျိုး၌ မိုက်သောအမှု၊ မပြုအပ်သောအရာကို ပြုမိသောကြောင့်၊ သူတို့သည် စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။ ၈ဟာမော်မင်းလည်း သူတို့နှင့် နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန်ချစ်အားကြီးပါ၏။ ထိမ်မြားပေးစားကြပါလော့။ ၉သင်တို့သည် ငါတို့နှင့် အချင်းချင်းထိမ်းမြားခြင်းကို ပြုလျက်၊ သင်တို့သမီးကို ပေးစားကြလော့။ ငါတို့သမီးနှင့်လည်း စုံဘက်ကြလော့။ ၁ဝသင်တို့သည် ငါတို့နှင့်အတူ နေ၍၊ ဤပြည်၌ အဆီးအတားမရှိ၊ နေရာချလျက်၊ ဖောက်ကားရောင်းဝယ်ခြင်းကို ပြု၍၊ အပိုင်ယူကြလော့ဟု ဆိုလေ၏။ ၁၁ရှေခင်ကလည်း၊ သင်တို့စိတ်နှင့် တွေ့ကြပါစေ။ တောင်းသမျှကို ပေးပါမည်။ ၁၂ကျွန်ုပ်ဥစ္စာဖြစ်စေ၊ လက်ဆောင် ပÀာဖြစ်စေ၊ နည်းများမဆို၊ တောင်းသည်အတိုင်း ပေးပါမည်။ ဤမိန်းမကိုသာ ငါ့အား ထိမ်းမြား ပေးစားကြပါဟု၊ မိန်းမ၏အဘနှင့် မောင်တို့အား ဆိုလေ၏။
၁၃ယာကုပ်၏သားတို့သည်၊ နှမဒိနကို ရှေခင်မင်းသားရှုတ်ချသော အကြောင်းကိုဆင်ခြင်၍၊ မင်းသားနှင့် အဘဟာမော်ကို ပရိယာယ်ဖြင့်ပြန်ပြောသည်မှာ၊ ၁၄ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကို မခံသောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ်သောအကြောင်း ဖြစ်ပါ၏။ ၁၅သင်တို့သည် ကျွန်ုပ်တို့ဘာသာအတိုင်း ပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံလျှင်၊ ကျွန်ုပ်တို့သည် ဝန်ခံကြ ပါမည်။ ၁၆သို့ပြုလျှင်၊ ကျွန်ုပ်တို့သမီးကို သင်တို့အားပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဘက်ကြသဖြင့်၊ သင်တို့နှင့်အတူ နေထိုင်၍၊ တမျိုးတည်းဖြစ်ကြ လိမ့်မည်။ ၁၇သို့မဟုတ် ကျွန်ုပ်တို့စကားကို နားမထောင်၊ အရေဖျားလှီးမင်္ဂလာကို မခံလျှင်၊ ကျွန်ုပ်တို့သမီးကိုယူ၍ သွားမည်ဟု ဆိုကြ၏။ ၁၈ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင်သည် နှစ်သက်၍၊ ၁၉ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အားကြီး သောကြောင့်၎င်း၊ အဘ၏အမျိုးသားချင်း အပေါင်းတို့ထက် အသရေရှိသော ကြောင့်၎င်း ချက်ခြင်း ဝန်ခံလေ၏။
၂ဝထိုအခါ၊ ဟာမော်မင်းနှင့် သားတော်ရှေခင်သည်၊ မိမိမြို့တံခါးသို့သွား၍ မြို့သားတို့နှင့် နှုတ်ဆက် လျက်၊ ၂၁အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့်သင့်တင့်ကြပြီ။ ငါတို့ပြည်၌နေ၍ ဖောက်ကားရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏။ သူတို့သမီးများနှင့် အိမ်ထောင်ဘက်ပြုကြစို့။ ငါတို့သမီးများ ကိုလည်း သူတို့အား ထိမ်းမြားပေးစားကြစို့။ ၂၂သို့ရာတွင် သူတို့သည် အရေဖျားလှီး မင်္ဂလာကို ခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံမှသာ၊ ထိုလူတို့သည် ငါတို့တွင်နေ၍ တမျိုးတည်းဖြစ်စေခြင်း ငှါ ဝန်ခံကြလိမ့်မည်။ ၂၃သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့သည် ငါတို့ဥစ္စာဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့အလိုသို့ လိုက်ကြစို့။ သို့ပြုလျှင် သူတို့သည် ငါတို့တွင် နေကြလိမ့်မည်ဟု၊ ၂၄ဟာမော်မင်းနှင့် သားတော် ရှေခင်ပြောသောစကားကို၊ မြို့တံခါးမှ ထွက်သောသူအပေါင်းတို့သည် နားထောင်၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီးမင်္ဂလာကို ခံကြ၏။
၂၅ထိုသို့ခံ၍ သုံးရက်မြောက်သောနေ့၌၊ အလွန်နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင်ရှိ မောင်နှင့် လေဝိညီနောင်နှစ်ယောက်တို့သည်၊ ထားလက်နက် တယောက်တစင်းစီး စွဲကိုင်လျက်၊ သတိမရှိသော ထိုမြို့ကို တိုက်၍၊ ယောက်ျားအပေါင်းတို့ကို သတ်လေ၏။ ၂၆ဟာမော်မင်းနှင့် သားတော်ရှေခင် ကိုလည်း ထားလက်နက်ဖြင့် သတ်ပြီးလျှင်၊ ဒိနကိုရှေခင်အိမ်မှ နှုတ်ယူ၍ ပြန်သွားကြ၏။ ၂၇မိမိတို့နှမ ရှုတ်ချခြင်းကို ခံရသောကြောင့်၊ တဖန် ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ဆီသို့ သွားပြန်၍၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့်၊ ၂၈သူတို့သိုး၊ ဆိတ်၊ နွား၊ မြည်းမှစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသောဥစ္စာကို၎င်း၊ ၂၉သူတို့သားမယား သူငယ်အပေါင်းကို၎င်း သိမ်းယူ၍၊ အိမ်တို့၌ ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ၏။ ၃ဝထိုအခါ ယာကုပ်က၊ သင်တို့သည် ငါ့ကိုညှဉ်းဆဲ ကြပြီတကား။ ခါနနိလူ၊ ဖေရဇိလူတည်းဟူသော၊ ဤပြည်သားတို့သည် ငါ့ကိုရွံရှာအောင် ပြုကြပြီတကား။ ငါတို့၌ လူအရေအတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့်ငါ့အိမ်သူအိမ်သား တို့ကို ဖျက်ဆီးကြလိမ့်မည်ဟု၊ ရှိမောင်နှင့်လေဝိတို့အား ဆိုလေသော်၊ ၃၁သူတို့က၊ ငါတို့နှမကို ပြည်တန်ဆာကဲ့သို့ မှတ်၍ ပြုရမည်လောဟု ပြန်ဆိုလေ၏။