အခန်းကြီး(၂၈)
၁ထိုအခါ ဣဇာက်သည် ယာကုပ်ကိုခေါ်၍၊ သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရ။ ၂အမိ၏ အဘ ဗေသွေလအမျိုးသားနေရာ ပါဒနာရံအရပ်သို့ ထ၍သွားလော့။ သင့်ဦးရီးလာဗန်၏သမီး တစုံတယောက်နှင့် အိမ်ထောင်ဘက်ပြုလော့။ ၃အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကြီးပေး၍ တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။ ၄အထက်က အာဗြဟံအား ပေးတော်မူ၍၊ သင်ယခု ဧည့်သည်ဖြစ်လျက် နေသောဤပြည်ကို၊ သင်အမွေခံရမည် အကြောင်း၊ သင့်အား၎င်း၊ သင်၏အမျိုးအနွှယ်အား၎င်း အာဗြဟံ၏ ကောင်းကြီးမင်္ဂလာကို ပေးတော်မူ စေသတည်းဟု ကောင်းကြီးပေးလျက် မှာထား၍ လွှတ်လိုက်လေ၏။ ၅ထိုသို့ ယာကုပ်နှင့် ဧသော၏အမိ၊ ရေဗက္က၏မောင်၊ ရှုရိလူ ဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည်သို့ ယာကုပ် သွားလေ၏။
၆ထိုသို့ ဣဇာက်သည် ယာကုပ်ကို ကောင်းကြီးပေး၍၊ ပါဒနာရံပြည်၌ အိမ်ထောင်ဘက်ပြုစေခြင်းငှါ လွှတ်လိုက်သောအကြောင်းကို၎င်း၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရဟု၊ ကောင်းကြီးပေးသော အခါ မှာထားကြောင်းကို၎င်း၊ ယာကုပ်သည် မိဘစကားကို နားထောင်၍၊ ပါဒနာရံပြည်သို့ သွားကြောင်း ကို၎င်း၊ ၈ခါနာန် အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကို၎င်း ဧသောသိမြင်လျှင်၊ ၉ဣရှမေလ ထံသို့သွား၍၊ အထက် မယားတို့မှတပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့်တဖန် အိမ်ထောင်ဘက် ပြုပြန်လေ၏၊
၁ဝယာကုပ်သည် ဗေရရှေဘရွာမှထွက်၍၊ ခါရန်ပြည်သို့ခရီးသွားစဉ်တွင်၊ ၁၁တစုံတခုသောအရပ်သို့ ရောက်၍၊ မိုဃ်းချုပ်သောကြောင့်၊ ညဥ့်ကိုလွန်စေမည် အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဘို့ထားပြီးလျှင် အိပ်လေ၏။ ၁၂မြင်ရသောအိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေခါးထောင်လျက် အဖျားသည် မိုဃ်းကောင်းကင် တိုင်အောင် မှီ၏။ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည်၊ ထိုလှေခါးဖြင့် ဆင်းလျက်တက်လျက် ရှိကြ၏။ ၁၃ထာဝရဘုရားသည် လှေခါးထက်၌ ရပ်တော်မူလျက်၊ ငါသည် သင်၏အဘ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ ဘုရားတည်း ဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်သောမြေကို သင်နှင့်သင်၏အမျိုးအနွှယ်အား ငါပေးမည်။ ၁၄သင်၏အမျိုးအနွှယ်သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့ နှံ့ပြားကြလိမ့်မည်။ သင်နှင့် သင်၏ အမျိုးအနွှယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ ၁၅ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့တဖန် ဆောင်ခဲ့ဦး မည်။ ဂတိထားသည် အတိုင်း မပြည့်စုံမှီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။ ၁၆ယာကုပ်သည် အိပ်ပျော်ရာမှ နိုးလျင်၊ အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။ ၁၇ဤအရပ်ကား၊ အဘယ် မျှလောက် ကြောက်မက်ဘွယ် ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ ဖြစ်သည်တကားဟု၊ ကြောက်ရွံ့ခြင်းသို့ ရောက်၍ဆို၏။
၁၈နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံးသောကျောက်ကို ယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျှက် ထူထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကိုလောင်းလေ၏။ ၁၉ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့် မှည့်လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇဟူသတည်း။ ၂ဝထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါဘက်၌ ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ ငါ့ကိုစောင့်မ၍ စားစရာအစား၊ ဝတ်စရာအဝတ်ကို ပေးသနား တော်မူလျှင်၎င်းး၊ ၂၁ငါသည်တဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာပြန်ရောက်၍၊ ထာဝရဘုရားသည် ငါ၏ဘုရားဖြစ်တော်မူလျှင်၎င်း၊ မှတ်တိုင် ပြု၍ ငါထူထောင်သော ဤကျောက်သည်လည်း၊ ဘုရားသခင်၏ ဗိမာန်ဖြစ်ရမည်။ ၂၂ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တဘို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။