အခန်းကြီး(၂၄)
၁အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌သူ့ကို ကောင်းကြီး ပေးတော်မူပြီ။ ၂အာဗြဟံသည်၊ မိမိအိမ်သားတို့တွင် အသက်ကြီး၍ ဘဏ္ဍာစိုးလုပ်သော သူကိုခေါ်လျက်၊ ၃သင်သည်၊ ငါနေသောခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဘို့မယားကို မရွေးမယူဘဲ၊ ၄ငါ့ပြည် ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သားဣဇာက်အဘို့ မယားကိုယူရမည်ဟု၊ သင်၏လက်ကို ငါ့ပေါင်အောက်၌ ထားပြီးမှ၊ ကောင်းကင်မြေကြီးအရှင် ဘုရားသခင်၊ ထာဝရဘုရားကိုတိုင်တည်၍၊ ငါကျိန်ဆိုစေပါမည်ဟု ဆို၏။ ၅ကျွန်ကလည်း၊ မိန်းမသည်ဤပြည်သို့ ကိုယ်တော်၏ သားကို တဖန်ကျွန်တော် ခေါ်သွားရပါမည်လောဟု မေးလေသော်၊ ၆အာဗြဟံက၊ ထိုပြည်သို့ ငါ့သားကို ခေါ်၍မသွားနှင့်။ သတိပြုလော့။ ၇ငါ့အဘ၏အိမ်မှ၎င်း၊ ငါ့အမျိုးသားနေရာပြည်မှ၎င်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွှယ် အားဤပြည်ကို ငါပေးမည်ဟု၊ ငါ့အားဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူသော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရ ဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူသဖြင့်၊ သင်သည်ထိုပြည်မှ ငါ့သားဘို့မယား ကိုယူရလိမ့်မည်။ ၈မိန်းမသည်သင်နှင့်အတူ မလိုက်လိုလျှင်၊ သင်သည်၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ငါ့သားကိုထိုပြည်သို့ခေါ်၍ မသွားနှင့်ဟု ဆိုပြီးမှ၊ ၉ကျွန်သည် သခင်အာဗြဟံ၏ ပေါင်အောက်၌ လက်ကိုထား၍ ထိုအမှု၌ကျိန်ဆိုလေ၏။
၁ဝထိုကျွန်သည်လည်း၊ မိမိသခင်၏ဥစ္စာရှိသမျှကိုစီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုပ်စုထဲက၊ ကုလားအုပ် ဆယ်စီးကိုယူ၍ ထသွားသဖြင့်၊ မေသောပေါဘာမိတိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။ ၁၁မိန်းမများရေခပ်သော ညဦးယံ အချိန်၌၊ မြို့ပြင်ရေတွင်းနားမှာ ကုလားအုပ်တို့ကို ဝပ်စေပြီးလျှင်၊ ၁၂အကျွန်ုပ်၏ သခင်၊ အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရားယနေ့အကျွန်ုပ်အကြံကို ထမြောက်စေ၍၊ အကျွန်ုပ်၏သခင် အာဗြဟံ၌ ကျေးဇူးပြုတော်မူပါဟု၊ အကျွန်ုပ် ဆုတောင်းပါ၏။ ၁၃အကျွန်ုပ်သည်၊ ဤရေတွင်း နားမှာ ရပ်နေ၍၊ ထိုမြို့သူသတို့သမီးသည်၊ ရေခပ်ခြင်းငှါလာကြသည်တွင်၊ ၁၄အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက်ခြင်းငှါသင်၏ ရေဘူးကိုချပါဟုဆိုသော်၊ သောက်ပါ၊ သင်၏ကုလားအုပ် တို့ကိုလည်း ရေတိုက်ပါမည်ဟု၊ ပြန်ဆိုသောသတို့သမီးသည်၊ ကိုယ်တော်၏ကျွန် ဣဇာက်ဘို့ ခန့်ထားတော်မူသော သူဖြစ်ပါစေသော။ ထိုသို့အားဖြင့် အကျွန်ုပ်၏သခင်၌ ကျေးဇူးပြုတော်မူကြောင်းကို၊ အကျွန်ုပ်သိရပါမည်ဟု လျှောက်ဆို၏။
၁၅ထိုသို့လျှောက်ဆို၍မပြီးမှီ၊ အာဗြဟံအစ်ကိုနာခေါ်မယား မိလခါသား၊ ဗေသွေလ၏သမီး ရေဗက္ကသည်၊ ရေဘူးကို ထမ်းလျက် ထွက်လာသည်ကိုမြင်၏။ ၁၆ထိုသတို့သမီးသည်၊ အလွန်အဆင်းလှ၍၊ ယောက်ျားနှင့် မဆက် ဆံသေးသော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍၊ ရေဘူးကို ရေနှင့်ဖြည့်ပြီးမှ တက်လာ၏။ ၁၇ကျွန်သည်လည်း၊ ထိုမိန်း မနှင့် တွေ့ခြင်းငှါ ပြေး၍၊ သင်၏ရေဘူး၌ ရေအနည်းငယ်ကို သောက်ပါရစေဟု ဆိုလေသော်၊ ၁၈မိန်းမက၊ သောက်ပါ လောအရှင်ဟု ဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမြန် ရေဘူးကိုချ၍၊ ရေကို ပေးလေ၏။ ၁၉ရေကို ပေးပြီးလျှင်၊ သင်၏ ကုလားအုပ်တို့သည်လည်း၊ ဝစွာသောက်စရာဘို့ ရေခပ်ပါမည်ဟု ဆိုသည်အတိုင်း။ ၂ဝအလျင်အမြန် ဘူး၌ ရှိသောရေကို ရေတိုက်ခွက်ထဲ၌ လောင်းပြီးလျှင်၊ တဖန်ခပ်ခြင်းငှါ ရေတွင်းသို့ပြေး၍၊ ကုလားအုပ်အဘို့ ရေခပ်လေ၏။ ၂၁ယောက်ျားသည် ထိုမိန်းမကို အံ့သြ၍၊ မိမိရောက်လာသောအမှုကို ထာဝရဘုရား ပြုစုတော်မူသည်၊ မမူသည်ကို သိလို၍၊ တိတ်ဆိတ်စွာ နေလေ၏။ ၂၂ကုလားအုပ်များကို ရေသောက်စေပြီးနောက်၊ ယောက်ျားသည်၊ အချိန်ငါးမူး ရှိသော ရွှေနှာဆွဲ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ်၍၊ ၂၃သင်သည် အဘယ်သူ၏ သမီးဖြစ်သနည်း။ ကျွန်ုပ်ကိုပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခိုစရာ အရပ်ရှိသလော ဟုမေးလေသော်၊ ၂၄မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယား မိလခါဘွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည် ဟူ၍၄င်း၊ ၂၅ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဘွယ်သောက်ဘွယ်များနှင့် တည်းခိုစရာအရပ်လည်း ရှိသည်ဟူ၍၄င်း ဆိုလေ၏။ ၂၆ထိုအခါ ယောက်ျားသည် ဦးညွှတ်ချ၍ ထာဝရဘုရားကို ကိုးကွယ်လျက်၊ ၂၇ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင် အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ လမ်းမှာသွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရား သည် အကျွန်ုပ်သခင်၏ ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင် တော်မူပါသည်တကားဟု မြွက်ဆို၏။ ၂၈သတို့ သမီးသည်လည်း ပြေး၍ အမိ၏အိမ်၌ ဤအရာများကို ကြားပြော လေ၏။
၂၉ရေဗက္က၌ လာဗန်အမည်ရှိသော မောင်တယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်းသို့ပြေး၏။ ၃ဝသူသည် နှာဆွဲကို၎င်း၊ နှမလက်၌ လက်ကောက်ကို၎င်း မြင်၍၊ ထိုယောက်ျားသည် ကျွန်ုပ်ကို ဤသို့ပြောသည်ဟု၊ နှမရေဗက္ကဆိုသော စကားကိုကြားသောအခါ၊ ရေတွင်း၌ ကုလားအုပ် အနားမှာ ရပ်နေသော ယောက်ျားထံသို့ ရောက်သောအခါ၊ ၃၁ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူ၊ ကျွန်ုပ်အိမ်သို့ဝင်ပါလော့။ ပြင်၌ အဘယ်ကြောင့် ရပ်နေသနည်း။ အိမ်ကို၎င်း၊ ကုလားအုပ်များနေရာ အရပ်ကို၎င်း၊ ကျွန်ုပ်ပြင်ပါပြီဟု ဆိုသဖြင့်၊ ၃၂ယောက်ျားကို အိမ်သို့သွင်း၍ ကုလားအုပ်တို့ တန်ဆာကို ချွတ်ပြီးမှ၊ သူတို့အား မြက်ခြောက်နှင့် စားစရာကိုပေး၏။ ယောက်ျားခြေ၊ လိုက်သောသူတို့ ခြေဆေးဘို့ ရေကိုလည်း ပေးလေ၏။ ၃၃သူ့ရှေ့မှာ စားစရာကို ထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကို မပြောမှီမစားလိုပါဟု ဆိုလျှင်၊ ပြောပါဟုဆို၏။ ၃၄ယောက်ျားကလည်း၊ ကျွန်ုပ်ကား အာဗြဟံ၏ ကျွန်ဖြစ်ပါ၏။ ၃၅ထာဝရဘုရားသည် ကျွန်ုပ်၏သခင်ကို အလွန်ကောင်းကြီး ပေးတော်မူသဖြင့်၊ သူသည် ကြီးမြတ်ခြင်း သို့ ရောက်လေပြီ။ သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်နှင့် မြည်းများတို့ကို ပေးတော် မူပြီ။ ၃၆ကျွန်ုပ်သခင်၏မယား စာရာသည်၊ သခင်အသက်အိုသောအခါ၊ သူ့အား သားကိုဘွားမြင်သဖြင့်၊ ထိုသား အား ဥစ္စာရှိသမျှကို သခင်သည် အပ်ပေးပြီ။ ၃၇ကျွန်ုပ်၏သခင်ကလည်း၊ သင်သည် ငါနေသော ခါနန်အမျိုးသမီး တို့တွင်၊ ငါ့သားဘို့ မယားကိုမရွေးဘဲ၊ ၃၈ငါ့အဘ၏အိမ်၊ ငါ့အမျိုးသားချင်းတို့ထံသို့ သွား၍၊ ငါ့သားဘို့ မယားကို ယူရမည်ဟု အကျွန်ုပ်ကို ကျိန်ဆိုစေ၏။ ၃၉အကျွန်ုပ်ကလည်း၊ မိန်းမသည် မလိုက်လိုလျှင် အဘယ်သို့နည်းဟု သခင် ကိုမေးလေသော်၊ ၄ဝသခင်က၊ အကြင်ထာဝရဘုရားသခင်ရှေ့တော်၌ ငါသွားလာ၏၊ ထိုဘုရားသည် မိမိကောင်းကင် တမန်ကို သင်နှင့်အတူစေလွှတ်၍၊ သင်သွားသောအမှုကို ပြုစုတော်မူသဖြင့်၊ ငါ့အမျိုးသားချင်း၊ ငါ့အဘ၏အိမ်ထဲက ငါ့သားဘို့ မယားကိုယူရမည်။ ၄၁ငါ့အမျိုးသားချင်းတို့ထံသို့ ရောက်သောအခါ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်း နှင့် ကင်းလွတ်စေ။ ထိုသူတို့သည် မိန်းမကိုမပေး သော်လည်း၊ သင်သည် ငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေမည်ဟု ပြော၏။ ၄၂ကျွန်ုပ်သည် ယနေ့ ရေတွင်းသို့ရောက်ပြီးလျှင်၊ ကျွန်ုပ်သခင် အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်ရောက်လာသော အမှုကို ယခုပြုစုတော်မူလျှင်၊ ၄၃အကျွန်ုပ်သည် ရေတွင်းနားမှာရပ်နေ၍၊ ရေခပ်ခြင်းငှါ လာသော အကြင်သမီး ကညာကို၊ ကျွန်ုပ်သောက်ဘို့ သင်၏ရေဘူး၌ ရေအနည်းငယ်ကို ပေးပါဟု တောင်းသော်၊ ၄၄သောက်ပါ။ သင်၏ကုလားအုပ်တို့ဘို့လည်း ရေခပ်ပါမည်ဟု ပြန်ဆိုသော သမီးကညာသည်၊ ကိုယ်တော်ကျွန်၏ သားဘို့၊ ခန့်ထားတော်မူသော မိန်းမဖြစ်ပါစေသောဟု လျှောက်ဆို၏။ ၄၅ထိုသို့စိတ်နှလုံး၌ လျှောက်ဆို၍မပြီးမှီ၊ ရေဗက္ကသည် ရေဘူးကိုထမ်းလျက် ထွက်လာသဖြင့်၊ ရေတွင်းသို့ဆင်း၍ ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင်၊ ရေသောက် ပါရစေဟု သူ့ကိုတောင်းလေသော်၊ ၄၆သူသည် အလျင်အမြန် ပခုံးပေါ်ကရေဘူးကိုချလျက်၊ သောက်ပါလော့။ သင်၏ကုလားအုပ်တို့ကိုလည်း၊ ရေတိုက်ပါမည်ဟု ဆိုသည်အတိုင်း၊ ကျွန်ုပ်သောက်ရ၏။ ကုလားအုပ်တို့ကိုလည်း ရေတိုက်လေ၏။ ၄၇ကျွန်ုပ်ကလည်း၊ သင်သည် အဘယ်သူ၏သမီးဖြစ်သနည်းဟု မေးသော်၊ သူက၊ ကျွန်ုပ်သည် မိလခါဘွားမြင်သော နာခေါ်သား ဗေသွေလ၏သမီးဖြစ်သည်ဟု ပြောဆို၏။ ကျွန်ုပ်သည်လည်း၊ သူ၏မျက်နှာ၌ နှာဆွဲကို၎င်း၊ သူ၏လက်၌ လက်ကောက်တို့ကို၎င်း ထည့်ပြီးလျှင်၊ ၄၈ဦးညွှတ်ချ၍၊ ကျွန်ုပ်သခင် ညီအစ်ကို၏မြေးကို သခင်၏သားဘို့ ယူစေခြင်းငှါ၊ မှန်သောလမ်းဖြင့် ပို့ဆောင်တော်မူသော ကျွန်ုပ်သခင် အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရားကို ကောင်းကြီးပေး၍ ကိုးကွယ် လေ၏။ ၄၉ယခုတွင် သင်တို့သည်၊ ကျွန်ုပ်သခင်၌ သစ္စာနှင့်ကျေးဇူး ပြုမည်၊ မပြုမည်ကိုပြောပါ။ ကျွန်ုပ်သည် လည်း၊ လက်ျာလမ်းဖြစ်စေ၊ လက်ဝဲလမ်းဖြစ်စေ၊ တလမ်းလမ်းသို့ လိုက်သွား ပါမည်ဟု ပြောဆို၏။
၅ဝလာဗန်နှင့် ဗေသွေလတို့ကလည်း၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ် တို့သည်၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ။ ၅၁ရေဗက္ကလည်း သင့်ရှေ့၌ ရှိပါ၏။ ယူသွားပါလော့။ ထာဝရ ဘုရား မိန့်တော်မူသည်အတိုင်း၊ သင်၏သခင် သား၏မယားဖြစ်စေဟု ပြန်ဆို၏။ ၅၂ထိုစကားကိုကြားလျှင်၊ အာဗြဟံ ကျွန်သည် ဦးညွှတ်ချ၍၊ ထာဝရဘုရားကို ကိုးကွယ်ပြီးမှ၊ ၅၃ငွေဖလား၊ ရွှေဖလား၊ အဝတ်တန်ဆာများကို ထုတ်၍ ရေဗက္ကအားပေး၏။ သူ၏အမိ၊ မောင်အားလည်း၊ အဘိုး ထိုက်သော လက်ဆောင်ကို ပေး၏။ ၅၄သူနှင့် သူ၏အဘော် အပေါင်းတို့သည်၊ စားသောက်၍ ညဥ့်ကိုလွန်စေ ပြီးမှ၊ နံနက်ယံ၌ ထလျက်၊ ကျွန်ုပ်သည် သခင်ထံသို့ပြန်ပါရစေဟု ဆိုလေသော်၊ ၅၅မောင်နှင့်အမိက၊ မိန်းမကလေးသည်၊ ကျွန်ုပ်တို့ထံမှာ၊ ဆယ်ရက်လောက်နေပါစေဦး။ နောက်မှ၊ သူ့ကိုသွားပါစေမည်ဟု ဆိုကြ၏။ ၅၆ထိုသူကလည်း၊ ကျွန်ုပ်ကိုမဆီးတားပါနှင့်။ ထာဝရဘုရားသည်၊ ကျွန်ုပ်ရောက် လာသောအမှုကို ပြုစုတော်မူပြီ။ ကျွန်ုပ်သည် သခင်ထံသို့ သွားရသောအခွင့်ကို ပေးပါလော့ဟု ဆိုလျှင်၊ ၅၇သူတို့က၊ မိန်းကလေးကိုခေါ်၍၊ သူ့အလိုကိုမေးပါဦးမည် ဆိုသည်နှင့်၊ ၅၈ရေဗက္ကကိုခေါ်၍ သင်သည် ဤလူနှင့်အတူ ယခု လိုက်မည်လောဟု မေးသောအခါ၊ ကျွန်ုပ်လိုက်ပါမည်ဟုဆို၏။ ၅၉သို့ဖြစ်၍၊ မိမိနှမရေဗက္ကနှင့် သူ၏ အထိန်းကို၎င်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကို၎င်း လွှတ်လိုက်ကြ၏။ ၆ဝရေဗက္ကကိုလည်း၊ သင်သည် ကျွန်ုပ်တို့၏နှမဖြစ်၏။ အသောင်း အသိန်းတို့၏ အမိဖြစ်ပါစေသော။ သင်၏အမျိုးအနွှယ်သည် ရန်သူတို့၏ တံခါးများကို အစိုးရပါစေသောဟု ကောင်းကြီးပေးကြ၏။ ၆၁ရေဗက္ကနှင့် သူ၏မိန်းမငယ်တို့သည် ထ၍၊ ကုလားအုပ်ကိုစီးလျက်၊ ထိုယောက်ျားနှင့်အတူ လိုက်ကြ၏။ ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကို ဆောင်ယူသွားလေ၏။
၆၂ထိုအခါ တောင်ပြည်အတွင်း၌နေသော ဣဇာက်သည်၊ ဗေရလဟဲရောလမ်းဖြင့် ရောက်လာသည် ဖြစ်၍၊ ၆၃ညဦးအချိန်၌ ဆင်ခြင်လိုသောငှါ၊ တောအရပ်သို့ ထွက်သွား၍၊ မြော်ကြည့်လျှင်၊ ကုလားအုပ်များ လာသည်ကို မြင်လေ၏။ ၆၄ရေဗက္ကသည်လည်း၊ မြော်ကြည့်၍ ဣဇာက်ကိုမြင်သောအခါ ကုလားအုပ်ပေါ်က ဆင်းပြီးလျှင်၊ ၆၅ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှါ၊ တော၌လာသောထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေ သော်၊ ကျွန်က၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆိုသောစကားကို ကြားလျှင်၊ ရေဗက္ကသည် မျက်နှာဖုံးကိုယူ၍ ဖုံးလေ၏။ ၆၆ကျွန်သည်လည်း၊ မိမိပြုလေသမျှတို့ကို ဣဇာက်အားကြားပြောပြီးမှ၊ ၆၇ဣဇာက်သည် မိမိအမိစာရာ၏တဲသို့ ရေဗက္ကကို ဆောင်ယူ၍ စုံဘက်လေ၏။ ရေဗက္ကကို ချစ်နှစ်မြို့သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ ရောက်လေ၏။