ကမ္ဘာဦးကျမ်း(၂၆)

အခန်းကြီး(၂၆)
            အာဗြဟံလက်ထက် ထိုပြည်၌ဖြစ်ဘူးသော အစာခေါင်းပါးခြင်းမှတပါး၊ နောက်တဖန် အစာခေါင်းပါး ခြင်း ရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာ ဂေရာမြို့သို့သွားလေ၏။ ထာဝရဘုရားသည် လည်း သူ့အားထင်ရှား၍၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့်၊ ငါပြောလတံ့သော ပြည်၌နေလော့။ ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက်မှာငါနေ၍ကောင်းကြီးပေးမည်။ အကြောင်း မူကား၊ သင်နှင့်သင်၏အမျိုးအနွှယ်အား ဤပြည်ရှိသမျှတို့ကိုငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသောစကားရှိသည်အတိုင်းငါပြုမည်။ သင်၏ အမျိုးအနွှယ်ကို ကောင်းကင်ကြယ်ကဲ့သို့ များပြားစေမည်။ သင်၏အမျိုးအနွှယ်အားလည်း၊ ဤပြည်ရှိသမျှတို့ကိုငါပေးမည်။ သင်၏အမျိုးအနွှယ် အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်။ အကြောင်းမူ ကား၊ အာဗြဟံသည် ငါ့စကားကိုနားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရားအမျိုးမျိုးတို့ကို စောင့်ရှောက် သတည်း ဟုမိန့်တော်မူ၏။
            ဣဇာက်သည် ဂေရာမြို့၌နေစဉ်တွင်၊ မြို့သားတို့သည် သူ၏မယားအကြောင်းကို မေးသောအခါ၊ ရေဗက္က သည်လှသောအဆင်းအရောင်ရှိသောကြောင့်၊ ဤပြည်သားယောကျာ်းတို့သည် သူ့အကြောင်း ကြောင့် ငါ့ကိုသတ် မည်ဟုစိုးရိမ်၍၊ သူသည် ငါမယားဖြစ်သည်ဟု မပြောမဆိုဝံ့၊ ငါ့နှမဖြစ်သည်ဟု ပြောဆို၏။ ထိုမြို့၌ ကာလအင်တန် ကြာနေပြီးမှ၊ တနေ့တ၌၊ ဣဇာက်သည် မိမိမယားရေဗက္ကနှင့် ကစားသည်ကို၊ ဖိလိတ္တိမင်းကြီး အဘိမလက်သည် ပြတင်းပေါက်ဝကကြည့်မြင်လျှင်၊ ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင်စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည်ငါ့နှမဖြစ်၏ဟုအဘယ်ကြောင့် သင်ပြောရသနည်းဟု မေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ် သေမည်ကိုစိုးရိမ်ပါသည်ဟု လျှောက်ဆို၏။ ၁ဝအဘိမလက်မင်း ကလည်း၊ ငါတို့၌သင်ပြုသောအမှုကား အဘယ်သို့ နည်း။ တစုံတယောက်သော သူသည်၊ သင်၏မယားနှင့် အမှတ်တမဲ့သင့် နေလျှင်၊ ငါတို့ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည်တကား ဟုဆိုပြီးမှ၊ ၁၁ဤသူလင်မယားကို ပြစ်မှားသောသူသည် ဆက်ဆက်အသေခံရမည်ဟု မိမိလူအပေါင်း တို့ကိုမှာထားသတည်း။
            ၁၂ထိုပြည်၌ ဣဇာက်သည် မျိုးစေ့ကိုကြဲ၍၊ တနှစ်ခြင်းတွင် အဆတရာသောအသီးအနှံကို ရလေ၏။ ထာဝရ ဘုရားသည်လည်း၊ ကောင်းကြီးပေးတော်မူသဖြင့်၊ ၁၃သူသည်ကြီးပွါး၍၊ အလွန်စည်းစိမ်ကြီးသည် တိုင်အောင် တိုးတက်လျက်၊ စီးပွားဥစ္စာများပြားစွာဖြစ်လေ၏။ ၄သိုးစု၊ နွားစုများ၊ ကျွန်များနှင့် ပြည့်စုံကြွယ်ဝ၏။ ထိုကြောင့်၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏။ ၁၅အဘအာဗြဟံလက်ထက် ၌၊ အဘ၏ကျွန်တို့ တူးသောရေတွင်းရှိသမျှတို့ကို မြေနှင့် ဖို့ပိတ်ကြ၏။ ၁၆အဘိမလက်မင်းကလည်း၊ သင်သည် ငါတို့ ထက်တန်ခိုးကြီး၏။ ငါတို့ထံမှထွက်သွားလော့ဟု၊ ဣဇာက်ကိုအမိန့်ရှိသောကြောင့်၊ ၁၇ဣဇာက်သည် ထိုမြို့မှထွက် သွားပြီးလျှင်၊ ဂေရာချိုင့်၌ထဲကိုဆောက်၍ နေလေ၏။
            ၁၈ထိုအခါ ဣဇာက်သည်၊ အဘအာဗြဟံကျွန်တို့တူး၍၊ အဘသေသောနောက်၊ ဖိလိတ္တိလူတို့ဖို့သော ရေတွင်းတို့ကိုတူးဘော်ပြန်၍၊ အထက်ကအဘသမုတ်သော အမည်ဖြင့် သမုတ်လေ၏။ ၁၉ဣဇာက်ကျွန်တို့ လည်း၊ ချိုင့်ထဲ၌တူး၍ စမ်းရေတွင်းကို တွေ့ကြ၏။ ၂ဝဂေရာအမျိုးသား နွားကျောင်းတို့ကလည်း၊ ဤရေသည် ငါတို့ရေဖြစ်၏ ဟု၊ ဣဇာက်၏နွားကျောင်းတို့နှင့် လုယက်ပြောဆိုကြ၏။ ထိုသို့အချင်းချင်းလုယက်ကြ သောကြောင့်၊ ထိုရေတွင်းကို ဧသက်အမည်ဖြင့်မှည့်လေ၏။ ၂၁နောက်တဖန် အခြားသောရေတွင်းကို တူးပြန်ကြ၏။ ထိုရေတွင်းကိုလည်း တဖန်လု ကြသောကြောင့်၊ သိတနအမည်ဖြင့် မှည့်လေ၏။ ၂၂ထိုအရပ်မှ နေရာပြောင်း၍၊ အခြားသောရေတွင်းကိုတူးကြ၏။ ထိုရေတွင်းကို အဘယ်သူမျှမလုယက်သောကြောင့်၊ ငါတို့ နေစရာအခွင့်ကို ယခုထာဝရဘုရားပေးတော်မူပြီ ဖြစ်၍၊ ဤပြည်၌ငါတို့သည် စီးပွါးများကြလိမ့်မည်ဟု ဆိုလျက်၊ ထိုရေတွင်းကိုရဟောဘုတ် အမည်ဖြင့် မှည့်သတည်း။
            ၂၃တဖန် ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်းလေ၏။ ၂၄ထိုနေ့ညမှာ ထာဝရဘုရားသည် ထင်ရှား၍၊ ငါသည် သင်၏အဘ အာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင့်ဘက်မှာရှိ၏။ ငါသည် ကောင်းကြီးပေးမည်။ ငါ၏ကျွန်အာဗြဟံအတွက်၊ သင်၏အမျိုးအနွှယ်ကို ငါများပြားစေမည်ဟု မိန့်တော်မူ၏။ ၂၅ထိုအရပ်၌ယဇ်ပလ္လင်ကို တည်၍၊ ထာဝရဘုရား၏နာမတော်ကို ပဌနာပြု၏။ တဲကိုလည်း တည်ဆောက်၍၊ ကျွန်တို့သည် ရေတွင်းကိုတူးကြ၏။
            ၂၆ထိုအခါ အဘိမလက်မင်းသည်၊ အဆွေတော်အဟုဇတ်နှင့် ဗိုလ်ချုပ်မင်းဖိကောလ တို့ကိုခေါ်၍၊ ဂေရာမြို့ မှ ဣဇာက်ရှိရာသို့သွား၏။ ၂၇ဣဇာက်ကလည်း၊ သင်တို့သည် ငါ့ကိုမြင်ပျင်း၍ နှင်ထုတ်ပြီးမှ၊ အဘယ်ကြောင့် လာကြသနည်းဟု မေးလျှင်၊ ၂၈ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာရှိတော် မူကြောင်းကို၊ ငါတို့အမှန်သိမြင် သည်ဖြစ်၍၊ ၂၉ငါတို့သည် သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာလွှတ်လိုက်သည်နည်းတူ၊ သင်သည် ငါတို့ကိုအပြစ်မပြုရဟု၊ ငါတို့တဘက်၊ သင့်တဘက်၊ နှစ်ဘက်သားတို့သည်၊ သစ္စာဂတိထား၍ မိဿဟာယဖွဲ့ကြစို့။ သင်သည် ထာဝရဘုရားကောင်းကြီးပေး တော်မူသောသူဖြစ်ပါ၏ဟုဆိုကြလေသော်၊ ၃ဝဣဇာက်သည်၊ သူတို့အဘို့ စားသောက်ပွဲကိုလုပ်၍၊ အတူစားသောက်ကြ၏။ ၃၁နံနက်စောစောထ၍၊ အချင်းချင်းတဦးနှင့် တဦးသစ္စာ ပြုကြပြီးမှ၊ ဣဇာက်သည် သူတို့ကို လွှတ်လိုက်၍၊ သူတို့သည်ငြိမ်ဝပ်စွာသွားရကြ၏။ ၃၂ထိုနေ့၌ပင် ဣဇာက်ကျွန်တို့သည် လာ၍၊ မိမိတို့တူးသော တွင်း၌ ရေတွေ့ကြောင်းကို ပြောဆိုကြလျှင်၊ ၃၃ထိုရေတွင်းကို ရှေဘအမည်ဖြင့် မှည့်လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ကို ဗေရရှေဘမြို့ဟု ယနေ့တိုင်အောင်တွင်လေသတည်း။
            ၃၄ဧသောသည် အသက်လေးဆယ်ရှိသော အခါ၊ ဟိတ္တိအမျိုးသား ဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိ အမျိုးသား ဧလုန်၏သမီး ဗာရှမတ်တို့နှင့် အိမ်ထောင်လေ၏။ ၃၅ထိုမိန်းမတို့သည် ဣဇာက်နှင့် ရေဗက္က၌ စိတ်နှလုံး ပူပန်စရာ အကြောင်းဖြစ်သတည်း။